ကန်ထရိုက်ချေးငွေဝန်ဆောင်မှုသည် တရားဝင်ချုပ်ဆိုထားသည့် လုပ်ငန်း ကန်ထရိုက်စာချုပ် တစ်ရပ်အပေါ် အခြေခံလျက် ထုတ်ပေးသည့်စီးပွားရေးလုပ်ငန်းသုံးချေးငွေဖြစ်ပြီး၊ ချေးငွေအား စာချုပ်တွင်ပါရှိသည့် စည်းကမ်း ချက်များအတိုင်း မဖြစ်မနေအသုံးပြုရပါမည်။ ချေးငွေပမာဏသည် လိုအပ်သည့် ကုန်ကြမ်းနှင့် ပစ္စည်း ကိရိယာများ ဝယ်ယူခြင်းစရိတ် နှင့် သယ်ယူပို့ဆောင်ရေးစရိတ်စသည့် ကုန်ကျစရိတ်များအား ကာမိ စေမည် ဖြစ်ပါသည်။ ပြန်လည်ပေးဆပ်ရမည့် ကာလအပိုင်းအခြားသည် ကန်ထရိုက်စာချုပ်၏ သက်တမ်းနှင့် ထပ်တူ ဖြစ်ပါသည်။ ပုံမှန်အားဖြင့် ချေးငွေရယူသည့် ကုမ္ပဏီ ဒါရိုက်တာတစ်ဦး၏ပုဂ္ဂလိက အာမခံချက်လိုအပ် ပါသည်။ သို့ရာတွင် အပေါင်ပစ္စည်းအာမခံပေးအပ်ထားရန်မလိုအပ်ပါ။
လုပ်ငန်းနယ်ပယ်အလိုက်အထူးပြုလေ့လာထားသော ချေးငွေစိစစ်အကဲဖြတ်ရေးပညာရှင်များသည် ကန်ထရိုက် စာချုပ်ပါလုပ်ငန်း၏ ဆုံးရှုံးနိုင်ခြေ၊အကျိုးအမြတ်နှင့်ကုန်ကျစရိတ်တို့ကို ဂရုတစိုက် လေ့လာ သုံးသပ်၍ လုပ်ငန်း လိုအပ်ချက်နှင့် ကိုက်ညီမှုရှိသည့် ချေးငွေဆိုင်ရာစည်းကမ်းသတ်မှတ်ချက်များ၊ ချေးငွေဆိုင်ရာ မူဘောင်များ (ချေးငွေပမာဏ၊ အတိုးနှုန်း၊ သက်တမ်း အစရှိသည့်တို့အား) အကြံပြု ညှိနှိုင်းပေးပါသည်။ ကန်ထရိုက်စာချုပ်၏ ယုံကြည်စိတ်ချရမှု နှင့် ချေးငွေရယူသည့် အဖွဲ့အစည်း၏ စာချုပ်ပါလုပ်ငန်းများကို ပြီးစီးသည်အထိ ဆောင်ရွက် နိုင်စွမ်းတို့သည် ချေးငွေအတည်ပြုပေးရန်အတွက် အဓိကကျသည့် အချက်များ ဖြစ်ပါသည်။
ချေးငွေရယူသည့်ကုမ္ပဏီသည် ရေအားလျှပ်စစ်ဆိုင်ရာပစ္စည်းကိရိယာများ ထုတ်လုပ်ခြင်း၊ တပ်ဆင်ခြင်း နှင့် ပြုပြင် ထိန်းသိမ်းခြင်းဝန်ဆောင်မှု လုပ်ငန်းများကို အစမှအဆုံးထိ ဆောင်ရွက်နိုင်သည့် ကမ္ဘာ့ထိပ်တန်းကုမ္ပဏီတစ်ခု၏ တရားဝင်ကိုယ်စားလှယ်ဖြစ်ပါသည်။ အဆိုပါကုမ္ပဏီ အနေဖြင့် မြန်မာနိုင်ငံရှိအကြီးဆုံး ရေအားလျှပ်စစ်စက်ရုံ တစ်ခုအား အကြီးစားပြင်ဆင်ခြင်း နှင့် အလုံးစုံပြုပြင်ထိန်းသိမ်း ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် လုပ်ငန်းအပ်နှံသည့် ကန်ထရိုက်စာချုပ်လက်ခံ ရရှိခဲ့ပါသည်။ အဆိုပါ ကန်ထရိုက် စာချုပ်ပါလုပ်ငန်း များ ဆောင်ရွက်ရန် လိုအပ်သည့် လုပ်ငန်းသုံးပစ္စည်းကိရိယာများ ဝယ်ယူဆောင်ရွက်ရေးအတွက် “ပေါင်းလဒ်” မှ အပေါင်ပစ္စည်း မလိုအပ်သည့် ချေး ငွေကျပ် (၅၇၂) သန်း အား (၈)လသက်တမ်းဖြင့် ချေးဌားခဲ့ ပါသည်။
ချေးငွေရယူသည့်ကုမ္ပဏီသည် နိုင်ငံပေါင်းစုံတွင် ဆောက်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် ကမ္ဘာ့ ထိပ်တန်း ကုမ္ပဏီတစ်ခုနှင့် တံတားတည်ဆောက်ရေးပရောဂျက်တစ်ခုတွင် ရေကြောင်းသွားလာမှု ထိန်းချုပ် ရေး ဆိုင်ရာဝန် ဆောင်မှုများအား စီမံခန့်ခွဲရန်အတွက်စာချုပ်ချုပ်ဆိုခဲ့ပါသည်။ အဆိုပါကုမ္ပဏီ၏ တာဝန်များမှာ ၂၄ နာရီ ရေကြောင်းအသွားအလာ စောင့်ကြည့်ရေးနှင့် ထိန်းချုပ် လမ်းညွှန်မှုဆိုင်ရာဝန်ဆောင်မှုများ စီမံခန့်ခွဲရေးတို့ဖြစ်ပါသည်။ “ပေါင်းလဒ်”အနေဖြင့် အဆိုပါလုပ်ငန်း များအတွက် ရေကြောင်းပြဗော်ယာများ၊ ကင်းလှည့်စက်လှေများ၊ ဆက်သွယ်ရေးနှင့် စောင့်ကြည့်ရေး ဆိုင်ရာ ကိရိယာ များအစရှိသည့် လုပ်ငန်းသုံး ပစ္စည်းကိရိယာများဝယ်ယူနိုင်ရန် အပေါင်ပစ္စည်းမလိုအပ်သည့် ချေးငွေ ကျပ်သန်း (၂၇၀) အား (၈) လ သက်တမ်း ဖြင့် ချေးဌားခဲ့ပါသည်။